အာဆီယံ နှင့် မြန်မာကိုကယ်တင်ပါ

0
259

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖို့တော့ မြွေပွေး ခါးပိုက်ပိုက်မိလျက်သားဖြစ်နေသည်။ မြန်မာ့အရေး နှင့် ပတ်သက်ပြီး အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒု-နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူဆွတ်ဖ် (Erywan Yusof) ကို ခန့်အပ်ထားခဲ့သည်။

ပြီးခဲ့သော အောက်တိုဘာ ၁၂ ရက် ၊ အင်္ဂါနေ့က အာရီဝန်ယူဆွတ်ဖ် နေပြည်တော်သို့ လာရောက်ပြီး မြန်မာနိုင်ငံရေးပါတီတချို့နှင့် တွေ့ဆုံဆွေးနွေးဖို့ရှိခဲ့သော်လည်း အဆိုပါအစီအစဥ် ပျက်သွားခဲ့သည်။ အာဆီယံအထူးသံတမန်၏ ခရီးစဥ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံရန်တောင်းဆိုထားသော်လည် စစ်ကောင်စီက လက်မခံဘဲငြင်းပယ်ခဲ့သည်။ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း စစ်ကောင်စီ လက်အောက်ခံပါတီများနှင့်သာ အထူးသံတမန်ကိုတွေ့ဆုံရန် စစ်ကောင်စီဘက်ကစီစဥ်ထားသောကြောင့် အထူး သံတမန်ဘက်က တွေ့ဆုံပွဲကိုဖျက်လိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အာဆီယံသက်တမ်း ၅၄ နှစ်တလျှောက်လုံးတွင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း ယခု လို ခါးခါးသီးသီးငြင်းဆိုဆွေးနွေးမှုမျိုး တခါမှမရှိဖူးခဲ့ပေ။ ပြီးခဲ့သောတနင်္လာနေ့ကဆိုလျှင် အရှေ့တောင်အာရှနိုင်ငံ တွေ ကြားထားရှိခဲ့ကြသော ကတိကဝတ်တွေအားလုံး ပြိုကျလုနီးပါးဖြစ်ခဲ့ရသည်အထိ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ငြင်းခုန်ခဲ့ကြရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ဩဇာအင်အားအကြီးမားဆုံးဟုယူဆနိုင်သော အင်ဒိုနီးရှားနိုင်ငံကဆိုလျှင် ကြီးထွား လာသောြမန်မာ့အရေးနှင့်ပတ်သက်ပြီး သည်းခံနိုင်စရာမရှိတော့ကြောင်းနှင့် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့တွင်းမှ နှင် ထုတ်ပစ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။ မကြာသေးမီကမှ အစိုးရအသစ်ပြန်လည်ဖွဲ့စည်းထားသော မလေးရှားနိုင်ငံကလည်း စစ်ကောင်စီ၏ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိသောသဘောထားကြောင့် နောင်လာမည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲများတွင် မြန်မာနိုင်ငံကို ဖိတ်ကြားခြင်းမပြုဖို့ အာဆီယံဥက္ကဋ္ဌကို ပြောဆိုလာသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် နေပြည်တော်သည် မည်ကဲ့သို့မျှလိုက်လျောခြင်းမရှိကြောင်း ကမ္ဘာသိ အောင်ပြောဆို‌နေသော်လည်း ယခုကြုံနေရသော စိတ်မချမ်းမြေ့စရာအခြေအနေများမှ မည်ကဲ့သို့ ဖောက်ထွက်ကြ မည်ကိုတော့ တစုံတရာ ပြောဆိုတာမျိုးမရှိပေ။

အာဆီယံ၏နောက်တဆင့်အတွက် အာရဝန် ယူဆွတ်ဖ်ပြောဆိုသည့်အတိုင်း “ နက်ရှိုင်းသောဆွေးနွေးခြင်း ”သည် သဘောတူညီမှုတစုံတရာမရရှိဘဲ ပြီးဆုံးသွားခဲ့သည်။ အာဆီယံအထူးသံတမန်သည် ၎င်း၏ရာထူးကို လက်ခံခဲ့ ပြီးသော လကတည်းက မြန်မာနိုင်ငံသို့လာရောက်ရန်ပြောဆိုနေခဲ့သည်။ သို့သော် တိုင်းပြည်အတွင်း ဝင်ရောက်ရန် သူ၏ ရည်ညွှန်းပြောဆိုမှုများက နေပြည်တော်အတွက်ပြဿနာရှိနေပြီး လက်ခံနိုင်စရာလည်းမရှိပေ။ အဘယ့်ကြောင့် ဆိုသော် သူက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်တောင်းဆိုထားသလို မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာလိုသည်ဟု တောင်းဆိုထားသောကြောင့်ဖြစ်သည်။ နေပြည်တော်က သူ၏တောင်းဆိုချက်များကို ပြီးခဲ့သော ရက်သတ္တပတ်ကပင် ပယ်ချခဲ့သည်။

လာမည့်ရက်သတ္တပတ် ၂ ပတ်တွင် ၄ ရက်ကြာကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးများ၌ အထူးသံတမန်၏ လုပ်ငန်းစဥ်များတိုးတက်မှုရှိဖို့နှင့် နိုင်ငံရေးအရ အပြန်အလှန်ငြင်းခုံမှုများကိုရှောင်ရှားရန် စစ်ကောင်စီ၏ တုန့်ပြန်မှု များ နှင့်ပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေသည်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အထူးသံတမန်၏လုပ်ငန်းများ တိုးတက်မှု မရှိခဲ့ပါက မြန်မာနိုင်ငံတွင်း အာဆီယံကလုပ်ဆောင်ရမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နှင့်ပတ်သက်၍ သိသာထင်ရှားသောလုပ်ငန်းများအစမပြုရသေးသောအာဆီယံအတွက် ကြီးမားသော ဒုက္ခများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

အာဆီယံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီး အာဆီယံ နှင့် မြန်မာ နှစ်ဘက်စလုံးကလက်ခံနိုင်သော အနေ အထားဖြင့် တဆင့်ချင်းအကောင်အထည်ဖော်သွားနိုင်ရန်အတွက် တံခါးဟဟပင် ပွင့်မလာခဲ့သေးပါ။ သဘောတူညီ ထားသောအစီအစဥ်များအား လက်ရှိအချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့နှေးကွေးနေရသည့် အဓိက အချက်တချက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများက စစ်ဘေးရှောင် ၂ သိန်းနီးပါးသည် ဆေးဝါး ၊ အမိုးအကာ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အလွန်အမင်းလိုအပ်လျက်ရှိနေပါသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး တိုးတက်မှုမရှိခြင်းအပေါ် တွန်းအားပေးမှုများရှိလာပါက အာဆီယံဥက္ကဋ္ဌအနေဖြင့် စစ် ခေါင်းဆောင်အစား အကြီးတန်းခေါင်းဆောင်တဦးဦးတက်ရောက်ဖို့ ဖိတ်ကြားလာနိုင်သည်။ ဖိတ်ကြားခံရသူမှာ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှာအလုပ်လုပ်နေသော အကြီးတန်းခေါင်းဆောင်တဦးဦးဖြစ်နိုင်သည်။ ထိုကဲ့သို့မဟုတ်ပါက နောက်ထပ်နည်းလမ်းတခုမှာ စစ်ခေါင်းဆောင်အနေဖြင့် မိမိကိုယ်တိုင်အစည်းအဝေးမတက်ရောက်ဘဲ အခြား တဦးဦး ကို စေလွှတ်ခြင်းဖြင့် မိမိအရှက်သိက္ခာကိုကာကွယ်ရန်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အာဆီယံက နောက် ထပ် အစည်းအဝေးတခုထပ်မံကျင်းပဖို့ မလိုအပ်ပါ။

လွန်ခဲ့သော ၂၀၀၆ ခုနှစ်ကိုပြန်ကြည့်မည်ဆိုလျှင် ဦးသိန်းစိန်အစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုထံမှ ရာထူးလွှဲပြောင်းရယူရမည်ဖြစ်သော်လည်း ပြည်တွင်းမငြိမ်သက်မှုကြောင့် နှောင့်နှေးခဲ့ဖူး,သည်။ အာဆီယံအနေဖြင့် နောက်ထပ်ထိပ်သီးအစည်းအဝေး တဒါဇင်နီးပါးမျှကျင်းပဖို့ရှိနေသေးသည်။ လက်ရှိကြုံတွေ့နေရသော အခြေအနေ များအရဆိုရလျှင်တော့ အာဆီယံခေါင်းဆောင်တချို့က မင်းအောင်လှိုင်ပါသောအစည်းအဝေးကို တက်ရောက်လိုစိတ် မရှိကြပေ။ မင်းအောင်လှိုင်ထက်စာလျှင် ရာထူးနိမ့်သူကိုပင် သည်းညည်းခံအောင့်အီးနေနိုင်သေးသည့်အတွက် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပေလိမ်ဦးမည်။

မတည်ငြိမ်သောအခြအနေများကြောင့် နောက်ဆုံးမိနစ်အထိ အပြောင်းအလဲရှိနိုင်သည့်အတွက် မြန်မာ့ပြည်တွင်းရေး ကို ခေါင်းဆောင်အသီးသီးက အနီးကပ်စောင့်ကြည့်နေကြသည်။ လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံက ခက်ခဲသော အနေအထားတွင်ရှိနေသည်။ ထိပ်သီးအစည်းအဝေးများတွင် မြန်မာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ထိုင်း နှင့် မြန်မာ ကတော့ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ လက်ရှိအချိန်ထိတိုင်အောင် မြန်မာနိုင်ငံမှလာရောက်သောအလုပ်သမားများ နှင့် အိုးမဲ့အိမ်မဲ့များကို ဘန်ကောက်က ဆက်ဆံဆဲရှိနေသေးသည်။ အာဆီယံစင်တာမှပေးပို့သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအကူအညီများကို ထိုင်းကြက်ခြေနီအသင်းမှတဆင့် မြန်မာကြက်ခြေနီအသင်းသို့ ပေးပို့ပြီးဖြစ်သည်။ အထူးသံတမန်၏ မြန်မာနိုင်ငံခရီးစဥ်အပြီးမှာတော့ ပိုမိုသိသာ ထင်ရှားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ သိပ်မကြာခင်အချိန်အတွင်း ရောက်ရှိလာလိမ့် မည် ဖြစ်သည်။

အာဆီယံအတွင်းရေးမှူးချုပ် Dato Pahin Lim Jock Hoi ၏ အဆိုအရ မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံမှ ကမကထပြု လုပ်၍ ဇူလိုင်လအတွင်းက နိုင်ငံတကာဖိုရမ်တခုကျင်းပပြီးကောက်ခံခဲ့သောအလှူငွေ ဒေါ်လာ ၁၀ သန်းခန့်ကို လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ပေးအပ်ဖို့ရှိနေသည်ဟု သိရသည်။

အာဆီယံက မြန်မာနိုင်ငံနှင့် အတူတကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ အကယ်၍များ အာဆီယံကသာ မြန်မာ နိုင်ငံကိုလစ်လှူရှုခဲ့မည်ဆိုပါက ရေရှည်တွင် မြန်မာနိုင်ငံအနေဖြင့် ပိုပြီးအထီးကျန်မည်ဖြစ်သလို နိုင်ငံတကာအလယ် တွင် အကူအညီမဲ့သောနိုင်ငံအဖြစ်သို့ ကျရောက်သွားပေလိမ့်မည်။ ပြင်ပအင်အားစုများအတွက် အဖြည့်ခံနိုင်ငံဘဝမျိုး ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါတွင် ငြိမ်းချမ်းရေး ၊ ဒေသတွင်းတည်ငြိမ်မှုရှိရေး နှင့် အာဆီယံ၏ဆက်စပ်နိုင်မှုက လည်း ချုပ်ငြိမ်းသွားပေလိမ့်မည်။

မြန်မာအကျပ်အတည်းသည် ၁၃ နှစ်ကြာ ကမ္ဘောဒီးယားအခက်အခဲလိုပင် အာဆီယံအဖွဲ့ကြီးအား အပြုသဘော ဆောင်သောဘက်မှ ခိုင်မာတောင့်တင်းအောင်ဖန်တီးပေးလာနိုင်သည်။ ယခုအချိန်တွင်တော့ အဖွဲ့ဝင်နိုင်ငံများသည် သိုသိပ် မနေဘဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးရမည့် အချိန်လည်းဖြစ်ပေတော့သည်။

ကြည်ဖြူစံ

Kavi Chongkittavorn ရေးသားသော “ Save Asean, save Myanmar ” ကို ဆီလျော်အောင်ရေးသားပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.