Thanlwintimes

မုဒုံ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ၄ ဦး ထက်မနည်းဒဏ်ရာရ

မုဒုံ – ဒီဇင်ဘာ(၅)

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဇင်ဘာ (၅) ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရုံးထဲ ရှိနေချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်၊ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူ ၄ ဦးအနက် ၁ ဦးသေဆုံးသွားပြီလို့ သတင်းထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သူတွေကိုတော့ မော်လမြိုင်နဲ့ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရုံးအနီးပတ်ဝန်းကျင်က ဒေသခံတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာတော့ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မုဒုံ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တော်လှန်ရေးအင်အားစုတွေက အဝေးထိန်းမိုင်းနဲ့ ဗုံးခွဲတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Exit mobile version